
ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် လုံခြုံရေးရောက်ရှိ တားဆီးနေစဉ်
ပွဲစရန် မိနစ်(၉၀)ခန့် လိုသေးချိန်မှာပင် အနောက်ဘက်တန်း ပွဲကြည့်စင်နှင့် ဆက်စပ်နေသည့် တောင်ဘက်တန်း ပွဲကြည့်စင် အပေါ်မှ နှစ်ဘက် ပရိသတ်များ အကြား ရေဘူးများနှင့် အပြန်အလှန် ပစ်ခတ်မှုများ ပေါ်ပေါက်ခဲ့ရာ ထိုစဉ်ကလည်း နှစ်ဘက် ပရိသတ်များကို ခြားနားထားသည့် သံဆန်ကာ အနားတွင် လုံခြုံရေး တစ်ဦးမျှ မရှိခဲ့ဘဲ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး (၅)မိနစ်ခန့် ကြာမှ လုံခြုံရေး ၀န်ထမ်းများ ရောက်ရှိလာခဲ့သည်။ လုံခြုံရေး ၀န်ထမ်းများမှာ နေပြည်တော် ပရိသတ်များ ရှိနေခဲ့သည့် အနောက်ဘက်တန်း ပွဲကြည့်စင်ဘက်ခြမ်းသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ရာ လုံခြုံရေးများ ရောက်ရှိလာခဲ့သည့် ခဏတွင် သောင်းကျန်းနေသည့် ပရိသတ်များ ရုတ်တရက် ရှဲသွားခဲ့သော်လည်း မကြာမီမှာပင် ပြန်လည် စုရုံးလာကာ အော်ဟစ်ဆဲဆိုခြင်းများ၊ ခုံများကို ဖြုတ်ရန် ကြိုးစားခြင်းများ ရှိလာခဲ့သောကြောင့် အတော်ပင် တားဆီးယူခဲ့ရသည်။ ထိုသို့ တားဆီးရာတွင် တားဆီးသူများမှာ ပုံမှန် ဘောလုံးပွဲများတွင် တာဝန်ယူနေကြ ဖြစ်သည့် ရဲဝန်ထမ်းများ မဟုတ်ဘဲ အရပ်ဘက် လုံခြုံရေး ၀န်ထမ်းများသာ ဖြစ်ရာ တားဆီးရာတွင် အခက်အခဲ ရှိခဲ့သည်။
ကွင်းအတွင်း လုံခြုံရေး တာဝန်ယူထားမှုနှင့် ပတ်သက်၍ ရန်ကုန်မြို့မှ လိုက်ပါ ကြည့်ရှုခဲ့သည့် ပရိသတ် တစ်ဦးက "ကွင်းထဲမှာ ဘာလို့ ရဲတစ်ယောက်မှ မရှိရတာလဲ။ ရန်ကုန်မှာ ဘာမဟုတ်တဲ့ ပွဲမှာတောင် လုံခြုံရေး အပြည့်ရှိတယ်။ ဒီပွဲမှာတော့ ကွင်းလုံခြုံရေးတွေပဲ ရှိတယ်။ သူတို့က တစ်ကယ်တမ်းမှာ ပရိသတ်ကို မထိန်းနိုင်၊ မထိန်းရဲဘူး။ အဝေးကွင်း ပွဲတွေ လိုက်ကြည့်ရတာ တော်တော် ကြောက်စရာ ကောင်းလာပြီဗျာ"ဟု သူ၏ ခံစားချက်ကို ဖွင့်ဟခဲ့သည်။

နေပြည်တော် ပရိသတ်များ အနေဖြင့် ကွင်းအတွင်းနှင့် ပြိုင်ဘက် ပရိသတ်များထံ ပစ်ပေါက်ကြရာတွင် ကွင်းအတွင်း တပ်ဆင်ထားသည့် ဖိုင်ဘာ ထိုင်ခုံများသာ မက ဖိနပ်များ၊ ရေသန့်ဘူးများ နောက်ဆုံး အရက်ပုလင်းများပင် ပါဝင်လာခဲ့ရာ ကွင်းအ၀င် စစ်ဆေးမှု အပေါ်တွင်လည်း ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။ "ကွင်းအ၀င်ကို လုံခြုံရေးတွေက သေချာ မစစ်ဘူး ထင်တယ်။ နေပြည်တော် ပရိသတ်တွေ ပစ်ပေါက်ကြတဲ့ အထဲမှာ ရေသန့်ဘူးတွေ အပြင် အရက်ပုလင်းပြားတွေ၊ အတောင့်တွေတောင် ပါတယ်။ ဂရမ်းရွိုင်ရယ် (၁)လီတာ ပုလင်းကြီး ထုတ်ပြီး ပစ်လိုက်တာတောင် တွေ့လိုက်ရတယ်။ ဒါတွေကို ကွင်းထဲ သယ်ခွင့်ပြုခဲ့တာတော့ လုံခြုံရေးက ညံ့ဖျင်းလွန်းပါတယ်"ဟု နေပြည်တော်နှင့် ရန်ကုန်တို့၏ ပွဲကို လာရောက် သတင်းရယူသည့် မီဒီယာသမား တစ်ဦးက ဝေဖန်ပြောကြားခဲ့သည်။
ပွဲချိန် အစောပိုင်းတွင် လုံခြုံရေးများ အနေဖြင့် ပွဲကြည့်စင်များ အပေါ်တွင် ရှိနေခဲ့သော်လည်း ကစားသမားများ ခိုက်ရန် ဖြစ်ပွားချိန်တွင် ပွဲကြည့်စင်ပေါ်၌ ခုံများကို စိတ်ရှိလက်ရှိ ချိုးဖျက်နေကြသည့် ပရိသတ်များကို တားဆီးမည့်သူ မရှိခဲ့ခြင်းကိုလည်း အများစုက ထောက်ပြခဲ့ပြီး ထိုအချက်မှာ တာဝန်ယူထားသည့် လုံခြုံရေး ၀န်ထမ်း အင်အား နည်းပါးခြင်း၊ အရေးပေါ် အခြေအနေများကို ဖြေရှင်းနိုင်စွမ်း မရှိခြင်း တို့ကြောင့် ဖြစ်ကြောင်း သုံးသပ်ခဲ့ကြသည်။ ပြည်ထောင်စု ၀န်ကြီးများပင် လာရောက်ကြည့်ရှုခဲ့သည့် အဆိုပါ ပွဲတွင် ရဲဝန်ထမ်း လုံခြုံရေး မရှိခဲ့သည်ကိုလည်း ဝေဖန်မှု များပြားခဲ့သည်။
ထိုကဲ့သို့ ပြဿနာများ ဖြစ်ပွားခဲ့သည့် ၀ဏ္ဏသိဒ္ဓိကွင်းကြီးမှာ ဆီးဂိမ်းစ် ပြိုင်ပွဲ ကျင်းပရန် အတွက် တည်ဆောက်ထားသည့် ကွင်းသစ်ကြီး ဖြစ်ပြီး ပရိသတ်များ၏ ဖျက်ဆီးမှုကြောင့် ထိုင်ခုံများ ပျက်စီးခဲ့ရသည်။ လာမည့် ဒီဇင်ဘာလတွင် အရှေ့တောင် အာရှ ဒေသတွင်း အဆင့်မြင့်ဆုံး ပြိုင်ပွဲ တစ်ခုဖြစ်သည့် ဆီးဂိမ်းစ် ဘောလုံးပြိုင်ပွဲကြီးကို အဆိုပါ ကွင်းသစ်ကြီးတွင် ကျင်းပမည် ဖြစ်ရာ ထိုပြိုင်ပွဲများအတွက် လုံခြုံရေး ဆောင်ရွက်ရန် အကြို အတွေ့အကြုံ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိနေခဲ့သည်။
http://www.soccermyanmar.com
0 မှတ်ချက်:
Post a Comment